အင်တာနက်-မှာ အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတဲ့ ဝဘ်ဆိုဒ်တွေ ဝင်ဖတ်သူများ ရှိသလို ဝင်မဖတ်ဖြစ်သူများ လည်း ရှိမယ်ထင်ပါတယ်။
မဝင်ဖတ်ဖြစ်သူများအတွက် မဖတ်ဖတ်ဖြစ်အောင် ဖတ်ဖို့ စာရေးသူမှ တိုက်တွန်းလိုပါတယ်။ ဒီမှာ အခက်အခဲပေါင်း များစွာ ရှိမယ်ဆိုတာလည်း သိရှိနားလည်ပါတယ်။ ယင်းအခက်အခဲများကြောင့်လည်း နိုင်ငံတကာက ဝဘ်ဆိုဒ်တွေကို မဖတ်ဖြစ်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အင်္ဂလိပ်စာဘာသာ နဲ့ ရေးသားထားတဲ့ ဝဘ်ဆိုဒ်များကို ဘယ်လိုဖတ်သင့်တယ်ဆိုတာ စာရေးသူ လမ်းညွန်လိုပါတယ်။
ဒီလိုပြောလို့ စာရေးသူက အင်္ဂလိပ်စာဘာသာရပ် ဆရာတစ်ဦးလည်း မဟုတ် ရပါ။ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်က စလို့ မီဒီယာတွေမှာ ဘာသာပြန်အဖြစ် လုပ်ကိုင်ခဲ့ဖူးလို့ ဖြစ်ပါတယ်။ ယနေ့တိုင်လဲ ဘာသာပြန်နေရပါတယ်။ ဒါကြောင့် အင်တာနက်မှာ အင်္ဂလိပ်စာ ဘယ်လိုဖတ်ရတယ်။ ဘာသာပြန် ရတယ်ဆိုတာကို စာရေးသူ တတ်သလောက်၊မတ်သလောက် ကူညီလမ်း ညွန်ပေးနိုင်ပါတယ်။
စာအုပ်မှာ အင်္ဂလိပ်စာ ဖတ်ရတာနဲ့ အင်တာနက်မှာ အင်္ဂလိပ်စာ ဖတ်ရတာ မတူပါဘူး။ ဥပမာ- အင်္ဂလိပ်လို ရေးသားထားတဲ့ သတင်းစာတွေ၊ ဂျာနယ်တွေ၊ ဝတ္တုတွေ ဖတ်မယ်ဆိုရင် အဘိဓာန် တစ် အုပ်လောက်တော့ ဆောင်ထားရပါတယ်။ ပြီးတော့ နားမလည်တဲ့ စာလုံးတွေ့ ရင် အဘိဓာန် ကြည့်လိုက်ရုံပဲ ဖြစ်ပါတယ်။
အင်တာနက်ပေါ်မှာကျတော့ ဒီလိုလုပ်လို့ အဆင်မပြေပါဘူး။ အင်တာနက်မှာ ဖတ်နေရင်း နားမလည်တာရှိရင် အဘိဓာန်စာအုပ်ဖွင့်ဖို့ဆိုတာ အချို့ လူများ အတွက် အလုပ်ပိုရှုပ်ပါတယ်။ စာဖတ်ရတာလည်း အာရုံပျက်ရပါတယ်။ တစ်ခါခါ အဘိဓာန်မှာတောင် ရှာမရတဲ့ စာလုံးများကို မြင်တွေ့ရ တတ်ပါ တယ်။ ဒါကြောင့်မို့လည်း အနောက်တိုင်းက နိုင်ငံတကာ သတင်းဝဘ်ဆိုဒ် များ၊ ဖျော်ဖြေရေး၊ ပညာရေး အစရှိသဖြင့် တို့အပြင် ဒေသတွင်းက အင်္ဂလိပ်ဘာသာစကားနဲ့ ရေးသားထားတဲ့ ဝဘ်ဆိုဒ်တွေကို ဝင်ရောက် ဖတ်ရှုသူတွေ နည်းသွားရပါတယ်။ ဒီတော့ အားနည်းချက် က မြန်မာလူမျိုး များ အင်္ဂလိပ်စာ မတိုးတက်သလို၊ နိုင်ငံတကာ အပေါ် လေ့ လာမှုလည်း အားနည်းသွားရပါတယ်။ အဆိုးဆုံး ပြောရမယ်ဆိုရင် မြန်မာပြည် ပညာရေး စနစ်အထိကို တိုက်ရိုက်ဆက်စပ် ထိခိုက်နိုင်စေမှာ ဖြစ်ပါတယ်။
မျက်စိပွင့်၊နားပွင့် အသိဥာဏ်ပွင့် နေမှ ဘယ်သူတွေ ဘာလုပ်တယ်ဆို တာ သေရှာ သိရမှာ ဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်ကပဲ သိပြီး ယင်း တစ်ဦးတစ်ယောက် ဖော်ပြချက်များကိုသာ မှီခိုနေရရင် အမြဲတော့ မကောင်းနိုင်ပါဘူး။ ဒါကြောင့် ကိုယ်တိုင် အင်္ဂလိပ်ဘာသာ စာများကို ကိုယ်တိုင်ဖတ်ရှုနိုင်ရန် ကြိုးစားဖို့ လိုအပ်လာပါတယ်။
အင်တာနက်မှာ အခမဲ့ အွန်လိုင်း အင်္ဂလိပ်-မြန်မာ အဘိဓာန်ပေါင်း မြောက် များစွာ ရှိပါတယ်။
ဒီလောက်နဲ့လည်း မလုံလောက်ပါဘူး။ အင်တာနက် သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရင် အဘိဓာန်မှာ ရှာမရတဲ့ စကားလုံးက အနည်းဆုံး ၂ လုံး၊ ၃ လုံးလောက် ပါတတ်ပါတယ်။ ပြီးတော့ အမည်နာမတွေဆို ပိုလို့တောင် ရှာမရ တော့ဘူး။ ပြီးတော့ ကိုယ်က အခုမှ စဖတ်တယ်။ သတင်းထဲမှာ BMW ကားအကြောင်းပြောတယ်။ BMW ကားဆိုတာ အမေရိကန်ကလား၊ ဘယ်နိုင်ငံကလဲ။ အဲဒါကိုသိဖို့ကျတော့ အဘိဓာန် အားကိုးလို့ မရတော့ပါဘူး။ အမတ်လောင်း မစ်ရွန်မနီ ဝင်ပြိုင်နေတာ မဲဘယ်လောက်ရပြီ။ သို့ပေမယ့် မစ်ရွန်မနီ ဆိုတာ ဘယ်ပါတီက ဘယ်နှစ်ခုနှစ်ကစလို့ နိုင်ငံရေးလုပ်နေတာ ဒါတွေ မပါပြန်ပါဘူး။ တစ်ခါခါ မကြားဖူးတဲ့ မြို့ နာမည် တွေ ပါလာပါ တယ်။ နိုင်ငံကိုကျတော့ မဖော်ပြထားဘူး။ နိုင်ငံတော့ ဖော်ပြ ထားပါရဲ့ ။ ဘယ်တိုက်က ဘာနိုင်ငံဆိုတာတောင် မသိရပါဘူး ဆိုတာမျိုးလည်း ရှိတတ်ပါတယ်။ ဒီမှာတင် သတင်းတစ်ပုဒ်၊ စာတစ်ပုဒ် ဖတ်ဖို့ တော်တော် ကို ခေါင်းမူးသွားပါပြီ။ သို့ပေမယ့် ဒီအဆင့်ကို ကျော်နိုင်ပါတယ်။
ကိုယ်ဖွင့်တဲ့ Browser လိပ်စာရိုက်တဲ့ (ညာဘက်) ဘေးမှာ Search Engine list ဆိုတာ ရှိပါတယ်။ Firefox ပဲဖွင့်ဖွင့်၊ Chrome ပဲဖွင့်ဖွင့်၊ Safari ပဲဖွင့်ဖွင့် Browser အတော်များများမှာ Search Engine list ဆိုတာပါပါတယ်။ Search Bar လို့လည်း ခေါ်ပါတယ်။ အဲ့ဒီမှာ List ပါပါတယ်။ Google, Twitter, Amazon, eBay, Yahoo, Answer.com, Wikipedia အစရှိသဖြင့် တို့ ပါဝင်ပါတယ်။ ဒီမှာ အင်္ဂလိပ်စာ ဖတ်သူတို့အတွက် ပိုမိုအကျိုးပြုတဲ့ Search engine နှစ်ခုကတော့ Answer.com နဲ့ Wikipedia (http://en.wikipedia.org) ဖြစ်ပါတယ်။ သို့ပေမယ့် သုံးပုံ သုံးနည်းကို သိသူနည်းနေပါတယ်။ သုံးနည်းက ဒီလို ဖြစ်ပါတယ်။
စာတစ်ခုဖတ်ရင်း ကိုနားမလည်တဲ့ စကားလုံးကို Select မှတ်လိုက်ပါမယ်။ ဥပမာ-egg ဒါကို စာလုံး အကုန်ပါအောင် select မှတ်ပြီး Right click နှိပ်ရ ပါမယ်။ ပြီးရင် Copy, Select All, View source အစရှိသဖြင့်တို့ စာတန်းပေါ် လာပြီးကိုယ်ရွေးချယ်ရမှာက Search for ဖြစ်ပါတယ်။ ဥပမာ ကိုယ်က egg လို့မှတ်ထားရင် Search for “egg” ဆိုတာကိုတွေ့မြင်ရမှာ ဖြစ်ပါတယ်။ ယင်း Search for ကို click တစ်ချက် နှိပ်ရုံနဲ့ Tab အသစ်တစ်ခုမှာ ယင်းစာလုံးရဲ့ အရင်းအမြစ်အားလုံးကို Wikipeida ကရှာဖွေပေးသွားမှာ ဖြစ်ပါတယ်။ Answer.com အသုံးပြုရင်လည်း Answer.com ကအလိုလျောက် ရှာဖွေပေးသွားမှာ ဖြစ်ပါတယ်။ ဥပမာ- မစ်ရွန်မနီကို ရှာထားရင် သူ့ရဲ့  ပရိုဖိုင်အားလုံးကို အပြည့်အစုံ ဖတ်ရှုရမှာ ဖြစ်ပါတယ်။ မပြည့်စုံဘူးထင် ရင် အောက်မှာ သူပေးထားတဲ့ Link များကို ဝင်ရောက်နိုင်ပါသေးတယ်။ နာမ် တွေကိုပဲ မဟုတ်ပဲ Verb, Word form, Adverb အင်္ဂလိပ်စာ အသုံးအနှုန်းအားလုံးကို အချက်ကျကျ လေ့လာရမှာ ဖြစ်ပါတယ်။
သို့ပေမယ့် စာဖတ်သူက အားလုံး ဖတ်ဖို့မလိုပါဘူး။ ကိုယ်သိချင် တဲ့အချက်သိရင်ရပါပြီ။ အားလုံးဖတ်နေရင် ကိုယ်ဖတ်နေတဲ့ စာဆီ ပြန် မရောက်ပဲ ဖြစ်တတ်ပါတယ်။ Verb, Word form, Adverb အစရှိသဖြင့် Grammer များကိုတော့ Anwser.com မှာအရှင်းလင်းဆုံး ရှာဖွေ တွေ့ ရှိနိုင်ပါတယ်။ လူပုဂ္ဂိုလ်၊ နေရာဒေသများကို ရှာမယ်ဆိုရင်တော့ Wikipedia က တော်တော်လေးစုံလင်ပါတယ်။ တစ်ခါခါ လုံးဝ ရှာမတွေ့တာမျိုး လည်း ဖြစ်တတ်ပါတယ်။ သို့ပေမယ့် ယင်းအခြေအနေဟာ အရမ်းရှားပါ တယ်။ အားလုံးနီးပါး ရှိနေတတ်ပါတယ်။
ပြီးတော့ အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတဲ့ သတင်းကို ဖတ်ဖို့အတွက် ဂရမ်မာအသုံးအနှုန်းများအားလုံးကို အာရုံစိုက်ဖတ်နေဖို့ မလိုပါဘူး။ ကိုယ်အဓိကထားရမှာပါ ဝေါဟာရများ ဖြစ်ပါတယ်။ တစ်ခါခါကျရင် သူတို့ အရေးအသားက ကိုယ်မြင်ဖူးနေကျ ဂရမ်မာတွေက မဟုတ်ပဲ အသစ်အဆန်း လည်း ဖြစ်တတ်ပါတယ်။ သို့ပေမယ့် စိုးရိမ်စရာ မရှိပါဘူး။ သို့ပေမယ့် အခြေခံ အင်္ဂလိပ်သဒ္ဒါလေးတော့ သိရှိရန် လိုအပ်ပါတယ်။ ဥပမာ- not ဆိုတဲ့ စကားလုံး တစ်ခုမြင်တိုင်း စာသားက အငြင်းဖြစ်ပြီလို့ ယူဆလို့မရပါဘူး။ အငြင်း (Negative) နှစ်ခါ သုံးထားရင် Positive ဖြစ်ပါတယ် ဆိုတာမျိုးတို့ ဖြစ်ပါ တယ်။ တစ်ခါခါ ကျရင် no ဆိုတာတွေကိုလည်း ဂရုစိုက်ဖို့ လိုပါတယ်။ ဥပမာ- No people need it. ဆိုရင် ဘယ်သူမှ ဒါကို မလိုဘူးဆိုတာမျိုးဖြစ် ပါတယ်။ no ဆိုတာကိုချန်ဖတ်ခဲ့ရင်တော့ မိမိဖတ်တဲ့ စာကို တလွဲ ဘာသာပြန်မိ သွားမှာ ဖြစ်ပါတယ်။ ဒါက ဥပမာပေးရုံမျှ သာ ဖြစ်ပါတယ်။ အခြားမှားနိုင်ချေများလည်း၊ သဒ္ဒါအသုံးအနှုန်းများလည်း ရှိပါတယ်။
အထက်ပါ အတိုင်း အွန်လိုင်း အဘိဓာန် သုံးမယ်။ အွန်လိုင်း စွယ်စုံကျမ်းများအသုံးပြုမယ်။ စာကို သဒ္ဒါကျကျ မဖတ်နိုင်ပေမယ့် အဓိကအရေးကြီးတဲ့ Positive နဲ့ Negative ဝါကျများကို ကောင်းကောင်း သိသွားရင် ဖတ်ရှုဖို့ မခက်ခဲပါဘူး။ စာများကို ဖတ်ရှုရာမှာ ပိုလို့တောင် စိတ်ဝင်စားဖို့ကောင်းလာမှာ ဖြစ်ပါတယ်။ စာဖတ်သူများ အင်တာနက်မှာ အင်္ဂလိပ်စာ ဖတ်ရှုဖို့ လွယ်ကူလာမယ်လို့ မျော်လင့်ပါတယ်။
---
အောင်ခမ်း (TSJ team)
0 comments:
Post a Comment